လူတွေအားလုံး မိမိကို ၀ိုင်းကြည့်နေသည်။ အားလုံးက အပြုံးများဖြင့် ကြည့်နေကြသည်။ မိမိလက်ကို ချိတ်ထားသော ဘေးလူကို ကြည့်မိသည်။ အမျိုးသမီးတစ်ယောက်ပါလား။ သူမကို မိမိလည်း မသိ။ သူမကို ကြည့်လိုက်တော့ ပြုံးရွှင်နေသည်။ သူမက လူများကို ပြုံးရယ်ပြနေသည်။ သူမရဲ့ ၀တ်စုံကို သတိထားကြည့်မိသည်။ ဟာ ... မင်္ဂလာ ၀တ်စုံပါလား ... ။ အလန့်တကြားဖြင့် မိမိကိုယ် မိမိကြည့်မိသည်။ ဗုဒ္ဓေါ ... မိမိသည်လည်း မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားသည်။
စိတ်ထဲ ကျဉ်းကြပ်လာသည်။ ချွေးများ စို့လာသည်။ လူအများကြားတွင် မွန်းကြပ်သလို ခံစားလာရသည်။ မိမိဘေးရှိ မိန်းကလေးကတော့ ပြုံးရယ်နေသည်။ သူမ တော်တော် ပျော်နေပုံရသည်။ မိမိတို့ကို ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုနေသော လူများကို တစ်ယောက်မှ မသိ။ မိမိ အသိုင်းအ၀ိုင်းကတော့ မဖြစ်နိုင်။ ဖြစ်နိုင်လျှင် ဤနေရာမှ ထွက်ပြေးချင်စိတ်များ ဖြစ်ပေါ်နေသည်။ ပြေး၍ မရ။ သူမ ချိတ်ထားသော လက်သည် မိမိကို ချုပ်ထားသလား အောက်မေ့ရသည်။
စိတ်ညစ်ညစ်နှင့် မင်္ဂလာပွဲသို့ လာသော လူများကို ဝေ့၀ဲကြည့်မိသည်။ ဟာ .... သူ ပါလား။ ချစ်သူ ... ။ ကိုယ့်က ချစ်ရသော ချစ်သူ။ မိမိကို ကြည့်နေသော သူမ၏ မျက်ဝန်းသည် ၀မ်းနည်းမှုများ ပါနေသည်။ ၀တ်ထားတာက မိမိနှစ်သက်လို့ မိမိနှင့် တွေ့လျှင် အမြဲဝတ်ဖို့ ပြောထားတဲ့ ၀တ်စုံလေး။ အစကတည်းက စိတ်ညစ်နေတာ အခု ပို၍ ၀မ်းနည်းရသည်။
ချစ်သူဆီ သွားချင်၍ ခြေလှမ်းပြင်မိသည်။ မရ ... ။ မိမိဘေးက လက်သည် လှုပ်မရအောင် ချုပ်ထားသည်။ ချစ်သူမျက်ဝန်းတွင် မျက်ရည်များ စီးကျလာသည်။ စိတ်က ထိန်းမရတော့။ အပြင်းအထန် ရုန်းမည်ဟု တွေးပြီး ဘေးရှိ အမျိုးသမီးကို ကြည့်လိုက်စဉ်
“ အား ....”
မိမိကို မျက်လုံးပြူးပြူး အစွယ်ငေါ့ငေါ့ဖြင့် ၀ါးစားတော့မလို ကြည့်နေသည်ကို တွေ့ရပြီး အိပ်ယာမှ လန့်နိုးလာသည်။ နိုးနိုးချင်း သတိထားသည်က နှလုံးသည် တော်တော် ခုန်နေသည်။ မောမောဖြင့် ရေတစ်ခွက် ထသောက်သည်။ အိပ်မက်အကြောင်းကို စဉ်းစားရင်း မောလာသည်။ နာရီကြည့်လိုက်တော့ နံနက် ၃း၁၄ ။ ရာသီဥတုက အေးနေသည်။ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်ဆိုသည့်အတိုင်း အိပ်မက်များ ဦးတည်ချက်မရှိ မက်နေသည်ကို တွေးမိရင်း ပြန်လည် အိပ်ယာဝင်ခဲ့သည်။
No comments:
Post a Comment
မင်္ဂလာပါခင်ဗျာ....